ထိုင်း-မြန်မာ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) နှင့် အလုပ်ခန့်အပ်ရေး သဘောတူညီချက် ပြင်ဆင်ချက်အား ထိုင်းအစိုးရအဖွဲ့ အတည်ပြု (အလွတ်သဘော ဘာသာပြန်ဆိုချက်)

ထိုင်း-မြန်မာ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) နှင့် အလုပ်ခန့်အပ်ရေး သဘောတူညီချက် ပြင်ဆင်ချက်အား ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ဥပဒေနှင့်အညီ ရွှေ့ပြောင်းအလုပ်သမား ခန့်အပ်မှုကို မြှင့်တင်ရန်၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ရန်၊ လူကုန်ကူးမှုကို တားဆီးရန်နှင့် တရားမဝင် အလုပ်ခန့်အပ်မှုများကို ဖြေရှင်းရန်

၂၀၂၆ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ပက်ဒါရာဆမီ ထောင်ဆလွိုင်ကွန်း (Patdarasami Thongsaluaykorn) က ထိုင်းနိုင်ငံတော်အစိုးရအဖွဲ့သည် ထိုင်းနိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရတို့အကြား ချုပ်ဆိုမည့် အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) နှင့် အလုပ်သမားခန့်အပ်ရေး သဘောတူညီချက် (Agreement on Employment of Workers) တို့ကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အလုပ်သမားဝန်ကြီးအား အဆိုပါ စာချုပ်စာတမ်းနှစ်စောင်လုံးတွင် လက်မှတ်ရေးထိုးရန်လည်း ခွင့်ပြုခဲ့သည်။ ပြင်ဆင်ထားသော သဘောတူညီချက်များသည် လက်ရှိအခြေအနေများနှင့် ကိုက်ညီစေရန် နှစ်နိုင်ငံ အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို အဆင့်မြှင့်တင်ကာ ရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေနှင့်အညီ စီမံခန့်ခွဲနိုင်ရေးကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ထားသည်။

ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူက ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ၂၀၁၆ ခုနှစ်မှစတင်၍ အလုပ်သမားရွှေ့ပြောင်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ MoU နှင့် အလုပ်ခန့်အပ်ရေး သဘောတူညီချက်တို့ကို အသုံးပြု၍ မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ ဥပဒေနှင့်အညီ စေလွှတ်ကာ အလုပ်အကိုင် ရရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက်နှင့် မြန်မာနိုင်ငံအတွင်း အခြေအနေများ ပြောင်းလဲလာမှုကြောင့် နှစ်ဖက်စလုံးက အဆိုပါ စာတမ်းနှစ်စောင်ကို လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်ရန် သဘောတူညီခဲ့ပြီး၊ နှစ်နိုင်ငံအကြား အလုပ်သမားစီမံခန့်ခွဲမှုကို ပိုမို ထိရောက်စွာနှင့် ဆက်လက်လည်ပတ်နိုင်စေရန် ရည်ရွယ်ခဲ့သည်။

ပြင်ဆင်ထားသော အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး MoU အရ နှစ်နိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနများသည် အဓိက ညှိနှိုင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် တာဝန်ယူရန် သတ်မှတ်ခဲ့သည်။ အလုပ်သမားဈေးကွက်ဆိုင်ရာ အချက်အလက်များ ဖလှယ်ခြင်း၊ လုပ်သားကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာနှင့် ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် ဖလှယ်ရေးအပြင် တရားမဝင် အလုပ်ခန့်အပ်မှုနှင့် လူကုန်ကူးမှု တားဆီးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှင့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ပူးတွဲဆောင်ရွက်ရေး စီမံကိန်းများနှင့် ပုံမှန် တိုးတက်မှု သုံးသပ်အစည်းအဝေးများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ပြင်ဆင်ထားသော အလုပ်သမားခန့်အပ်ရေး သဘောတူညီချက်တွင် အလုပ်သမား စုဆောင်းခြင်းနှင့် စေလွှတ်ခြင်း၊ အလုပ်ခန့်အပ်ရေး စာချုပ်ချုပ်ဆိုခြင်းများ၊ အမိနိုင်ငံမှ မထွက်ခွာမီ ကြိုတင်ပြင်ဆင်မှုခြင်းများ၊ အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးခြင်း၊ အလုပ်သမားများအား လက်ခံသည့်နိုင်ငံ၏ ဥပဒေအရ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးခြင်း၊ အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် အလုပ်ခန့်အပ်မှု စာချုပ်သက်တမ်း ကုန်ဆုံးသည့်အခါ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သတ်မှတ်ထားသည်။ ထို့အပြင် တရားမဝင် နိုင်ငံအတွင်းသို့ဝင်ရောက်မှု၊ လူကုန်ကူးမှုနှင့် တရားမဝင် အလုပ်ခန့်အပ်မှုများကို တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကိုလည်း သတ်မှတ်ထားပြီး၊ အလုပ်သမားများအတွက် မျှတသော ကာကွယ်စောင့်ရှောက်မှု ရရှိစေရန်နှင့် အလုပ်ရှင်များအနေဖြင့် ဥပဒေနှင့်အညီ အလုပ်သမားများကို ခန့်အပ်နိုင်စေရန် ရည်ရွယ်ထားသည်။

ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ပြင်ဆင်ထားသော MoU နှင့် အလုပ်ခန့်အပ်ရေး သဘောတူညီချက်သည် ထိုင်းနှင့် မြန်မာနိုင်ငံတို့အကြား ရွှေ့ပြောင်းအလုပ်သမား စေလွှတ်ခြင်းနှင့် ခန့်အပ်ခြင်း လုပ်ငန်းစဉ်များကို ပိုမို စနစ်တကျ ဖြစ်စေမည်ဖြစ်သည်။ အလုပ်သမားများအနေဖြင့် ဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနှင့် မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိခံစားနိုင်မည်ဖြစ်သလို၊ အလုပ်ရှင်များလည်း ဥပဒေနှင့်အညီ ခေါ်ယူနိုင်သည့် လမ်းကြောင်းများမှတစ်ဆင့် အလုပ်သမားများရရှိမှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အဆိုပါ စီမံဆောင်ရွက်ချက်များသည် တရားမဝင် နိုင်ငံဝင်ရောက်မှု၊ တရားမဝင် အလုပ်ခန့်အပ်မှုနှင့် လူကုန်ကူးမှုများကို လျှော့ချနိုင်မည်ဟု မျှော်လင့်ထားပြီး၊ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှု စံနှုန်းများကို မြှင့်တင်ပေးကာ ဆက်လက်ရှိနေသော လုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သလို အလုပ်သမားများ၊ အလုပ်ရှင်များနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးကျေးဇူးများ ဖြစ်ပေါ်စေမည်ဖြစ်သည်။

Source Link : https://www.thaigov.go.th/th/news/167248

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်